စိတ်ဖိစီးမှုကို အိပ်ခန်းထိ သယ်လာနေတုန်းပဲလား
စိတ်ဖိစီးမှုဆိုတာ ပြင်ပလူ့ပတ်ဝန်းကျင်ကနေ ကိုယ့်စိတ်ကို ထိခိုက်နွမ်းနယ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်မျိုးပါပဲ။ လူ့ဘဝမှာ နေ့စဉ်နဲ့အမျှ အနိမ့်အမြင့်၊ အတက်အကျတွေ လျင်မြန်စွာ ပြောင်းလဲနေသလို အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတာကြောင့် စိတ်ဖိစီးမှုဆိုတာ နေ့စဉ်ကြုံလာရတတ်ပါတယ်။
စိတ်ဖိစီးမှုတွေ များလာတဲ့အခါ နောက်ဆက်တွဲပြဿနာတွေအနေနဲ့
- ပျော်ရွှင်ခြင်းဟော်မုန်းတွေ နည်းလာပြီး ဟော်မုန်းမျှခြေပျက်ယွင်းစေတယ်။
- နှလုံးခုန်နှုန်းမြန်စေပြီး နှလုံးကို ထိခိုက်အားနည်းလာစေတယ်။
- ခေါင်းမူးခေါင်းကိုက်ဖြစ်စေပြီး ဦးနှောက်အာရုံကြောစနစ်ကို အားလျော့စေတယ်။
- ကိုယ်ခံအားကို ကျစေပြီး ရောဂါတွေရဲ့ ဒဏ်ကို ပိုခံရစေတယ်။
- သွေးပေါင်တက်စေပြီး ရင်ဘတ်အောင့်စေတယ်။
- တစ်နေ့လုံး အားမရှိသလို ဖြစ်ပြီး ပင်ပန်းနွမ်းနယ်နေစေပါတယ်။
ဒါဆို စိတ်ဖိစီးမှုဟာ အိပ်စက်မှုပုံစံကို ဘယ်လိုဒုက္ခပေးနိုင်လဲ
၁။ စိတ်ဖိစီးမှုဖြစ်နေတဲ့အခါ လူတွေရဲ့ ကြွက်သားတွေကို တောင့်တင်း၊ တင်းမာနေစေပါတယ်။ ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်စေဖို့ ကြွက်သားတွေ ပျော့ပျောင်းနေဖို့ လိုအပ်တာကြောင့် အိပ်ပျော်ရခက်ခဲစေပါတယ်။
၂။ စိတ်ဖိစီးမှုကြောင့် နှလုံးခုန်နှုန်းမြန်ပြီး သွေးတွေ ဆူပွက်နေသလို၊ အသက်ရှူနှုန်းက မြန်နေတဲ့အခါ ဦးနှောက်က ဒီပြဿနာကို Alert ဖြစ်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို Signal တွေ ပေးပို့လိုက်တဲ့အတွက် အိပ်ပျော်ဖို့ ပိုခက်နိုင်ပါတယ်။
၃။ လူတွေဟာ စိတ်ဖိစီးမှုများရင် စိတ်ညစ်စရာကိစ္စတွေကို ပိုတွေးတယ်၊ ကိစ္စတစ်ခုကနေ ဆက်စပ်မိပြီး တွေးမိတွေးရာ လျှောက်တွေးရင်း အတွေးလွန်သွားတဲ့အခါ အိပ်ပျော်ဖို့ကို မေ့သွားတတ်ပါတယ်။
၄။ စိတ်ဖိစီးမှုကို ခံစားနေရင်း အိပ်ပျော်သွားတဲ့အခါ လူတစ်ယောက်ရဲ့ မသိစိတ်က ဒီစိတ်ဖိစီးမှုကို အိပ်မက်ဆိုးအဖြစ်နဲ့ ပုံဖော်ပြီး လူတစ်ယောက်ရဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။
၅။ ညဘက်မှာ ကောင်းစွာ မအိပ်ထားဘူးဆိုရင် အိပ်ချိန်ပြည့်နေရင်တောင် မနက်နိုးထလာတဲ့အခါ အိပ်ရေးမဝသလိုဖြစ်ပြီး လန်းဆန်းတက်ကြွမှုမရှိတော့တာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ အစာစားချင်စိတ် နည်းသွားတာ၊ မလှုပ်ချင်မကိုင်ချင်ဖြစ်ပြီး တစ်နေကုန် လဲလျောင်းနေချင်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုတွေကို အိပ်ခန်းထဲထိ မသယ်လာဘဲ အပြင်မှာပဲ ထားခဲ့တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့တစ်နေ့တာမှာ ကြီးမားတဲ့ စိတ်ညစ်စရာတွေ ကြုံတွေ့လာရတာကြောင့် စိတ်ထဲမှာ အစိုင်အခဲတစ်ခုဖြစ်နေပြီဆိုရင် ညမအိပ်ခင်မှာ အခုပြောပြမယ့် နည်းလမ်းတွေကို လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
၁။ မအိပ်ခင် နာရီဝက်လောက်အလိုမှာ တရားထိုင်၊ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ပြီး ကိုယ့်ရဲ့စိတ်ကို ငြိမ်းအေးအောင် သမာဓိအားနဲ့ ပြန်ထိန်းပါ။ မကောင်းတဲ့ အတွေးတွေကို ထိန်းချုပ်နိုင်တဲ့အခါ ဖြစ်နေတဲ့ပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့လည်း အကြံထွက်စေပါတယ်။
၂။ အကယ်လို့ ကိုယ်က တရားထိုင်တတ်တဲ့သူ မဟုတ်ဘူးဆိုရင် ယောဂလေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ အာရုံစူးစိုက်မှုကို ပိုအားကောင်းစေရုံသာမက စိတ်ဖိစီးမှုကိုလည်း မေ့ပျောက်သွားစေဖို့ ကူညီပေးတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကြောင့် တင်းမာနေတဲ့ကြွက်သားတွေကိုလည်း ပြေလျော့စေလို့ ကောင်းစွာအိပ်ပျော်နိုင်အောင် ကူညီပေးနိုင်မှာပါ။
၃။ ရေနွေးနဲ့ ရေချိုး၊ ရေစိမ်ပေးပါ။ ရေနွေးဟာ ကြွက်သားတွေကို ပျော့ပျောင်းသွားစေပြီး သွေးလည်ပတ်မှုစနစ်နဲ့ အသက်ရှူနှုန်းကို ပုံမှန်အတိုင်း လည်ပတ်စေတယ်။ စိတ်ကိုလည်း ကြည်လင်သွားစေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးဖို့ ကူညီပေးနိုင်ပါတယ်။
၄။ စာအုပ်ဖတ်ပါ။ စာအုပ်ဖတ်ခြင်းဟာ ကိုယ်စိတ်ညစ်နေတဲ့အရာကို ခေတ္တခဏ မေ့သွားစေဖို့တင်မကဘဲ ကိုယ့်ပြဿနာအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်း၊ အဖြေတွေကိုပါ စဉ်းစားမိစေဖို့ ကူညီပေးနိုင်ပါတယ်။
၅။ ပူနေလို့ပြီးသွားမှာမဟုတ်တဲ့ ကိစ္စတွေမှန်း ကိုယ့်ကိုယ်ကို လက်ခံပြီး ညစ်နေတဲ့စိတ်ဖိစီးမှုတွေကို မေ့ဖျောက်ထားလိုက်ပါ။ ပြီးသွားမှ ဖြစ်ချင်ရာဖြစ်လို့သာ တွေးပြီး အိပ်ခန်းထဲ ဝင်အိပ်လိုက်ပါ။ နောက်နေ့နိုးလာလို့ လူကအိပ်ရေးဝပြီး လန်းဆန်းနေရင် ပြဿနာကို ပိုပြီးဖြေရှင်းဖို့ လွယ်ကူသွားပါလိမ့်မယ်။
စိတ်ဖိစီးမှုကြောင့် ညဘက်အိပ်မပျော်တဲ့ ပြဿနာဖြစ်နေတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။
ရဲမျိုးမြတ်